ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးတွင်းဈေးပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၁ ရက်၊ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး  မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်စွာ ဈေးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကဈေးအတွင်း၊ အပြင်ရှိဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော အထောက်အကူပြုပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ရေလှောင်ကန်များရေဖြည့်တင်းထားခြင်း ရှိ/မရှိ ၊ အပေါ့စားမီးငြှိမ်းသတ်စက်များ လက်တွေ့စမ်းသပ်အသုံးပြုခြင်း၊ ဈေးအဝင်အထွက်လမ်းများ၌ သွားလာရေးအဆင်ပြေစေရန် ဈေးဆိုင်ခန်းများတွင် အမိုးအကာများဖြင့်ပိတ်ဆို့ရောင်းချမှု ရှိ/မရှိ၊ ဈေးအတွင်းရှိ သားငါးဈေးဆိုင်ခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအလိုက် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့်ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မလိုအပ်ဘဲလျှပ်စစ်မီးသုံးစွဲခြင်းများကို မပြုလုပ်ကြရန် တာဝန်ရှိသူများကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် မြို့မစည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေး(၄)ခုအား ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များပူးပေါင်းပြီး ညစဉ်ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူဈေးသားများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ်ဈေးသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို အရှန်အဟုန်မပျက် ကြပ်မတ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။    

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)