ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၂

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာ ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသည့် ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်သည့်အပြင် သာသနာတော်ထွန်းကား ပြန့်ပွားရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ကြိုးစားအားထုတ်ကြသည့်အတွက် နိုင်ငံတော်အစိုးရမှ ထိုက်တန်သည့်ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ကြွရောက်လာမည့် ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် နေထိုင်ရေး၊ ပင့်ဆောင်ရေးနှင့် ဆွမ်းဆက်ကပ်ရေးတို့တွင် လစ်ဟင်းမှုမရှိစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအတွက် ဌာနဆိုင်ရာများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးမှ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူးက ဖိတ်ကြားရေး၊ ပင့်ဆောင်ရေး၊ နေထိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း တက်ရောက်လာသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်ကော်မတီတွင်ပါဝင်သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရှိရသည်။

ပဲခူးမြို့၌ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ရာတွင် ဆရာတော်(၂၃)ပါး၊ သီလရှင်(၂)ပါးနှင့် လူပုဂ္ဂိုလ်(၂)ဦးတို့အား သက်ဆိုင်ရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်( ပြန်/ဆက် )