(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကျင်းပ

ရွှေတောင်  ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.ကကမ်းနားကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာနတို့ပူးပေါင်း၍  (၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကိုကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးတင့်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ၊ လူငယ်နှင့်မူးယစ်ဆေး၊   လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့်  ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး   ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့်ပုံပြင်များကို ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ဆင့်က  ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်သောအချက်အလက်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဒေါ်သပြေက အားကစားနည်းများအကြောင်း၊  လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အ.မ.က ကမ်းနားကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)