အထက်မင်းလှ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ဦးအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်းဦးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းအေးက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးဝင်းလှိုင်က လူငယ်နှင့်အားကစားအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တောင်ဦးအခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာကြီးထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ တောင်ဦးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)