ကျိုက်ထို ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုဝေလွင်က အမှာစကားပြောကြားပြီး ကျန်းမာရေးဌာနမှ သားဖွားဆရာမဒေါ်ယုယုချိုက တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးသန်းထူးအောင်က လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီးထွန်းအေးသိန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်းကိုလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်မျိုးမြမြသွင်က သက်ငယ်မုဒိန်းမှုမှကာကွယ်စောင့်ရှောက်ရန် အကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့ကြသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများပြန်လည်မေးမြန်းကာဖြေဆိုနိုင်သူများကို ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများမှ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)