ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ပိုင်ကျုံ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ငွေကြေး ထောက်ပံ့ပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး/ စာရေး ၀န်ထမ်းများက ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ နောင်ဘိုကြီးကျေးရွာရှိ ဘိုးဘွား(၂၈)ဦး၊ ကြက်တူရွေး ကျေးရွာရှိ ဘိုးဘွား(၁၂)ဦး၊ ကော့ဖမွတ် ကျေးရွာရှိ ဘိုးဘွား(၁၀)ဦးနှင့် ဒေါ်လန်းကျေးရွာရှိ ဘိုးဘွား(၂၃)တို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၁၉၀၀၀၀) ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် အသက်(၈၀)နှင့် (၈၅)နှစ်ရှိ အဘိုး(၁၆၁)ဦး၊ အဘွား(၂၀၇)ဦး စုစုပေါင်း(၃၆၈)ဦးရှိကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)