ကန့်ဘလူ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ကျောင်း ဒေါက်တာဉာဏဝရခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟော ပြောပွဲကို ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က (ခွဲ) ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး တို့ကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူများ၏စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့အတွက် လိုအပ်သည့်ကုန် စည်(သို့မဟုတ်)ဝန်ဆောင်မှုများအား ဝယ်ယူရာတွင် စံသတ်မှတ်ချက်များနှင့်အညီ ခံစားရရှိစေရေးတို့ကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်အေးက ဌာန၏လုပ်ဆောင်ချက်များနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြော ကြသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဝပ်၊ ကာ ၊ကိုင်ပုံစံအား ကျောင်းသားကျောင်း သူများဖြင့် သရုပ်ပြသဆောင်ရွက်ပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကာ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ ၅၆၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)