ကျောက်ဖြူ ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြည်သူ့ဝန်ဆောင်မှု(oss)ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်ကာ မြန်မာ့အာမခံလုပ်ငန်း၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက မှတ်ပုံတင်မဲ့ ဆိုင်ကယ်များနှင့် မှတ်ပုံတင်ရှိ သက်တမ်းတစ်ဆက်တည်း (၅)နှစ်မကျော်လွန်သည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား သက်တမ်းတိုးဆောင်ရွက်ပေးခြင်း၊ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပေးခြင်း၊ နယ်ဝင်၊ အမည်ပြောင်းပြုလုပ်ပေးခြင်း၊ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်း အစရှိသည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းကို ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၁၄ ရက်ကြာ အဆိုပါရုံးတွင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး