မုဒုံ ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ဒုပညာရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအကြောင်း၊ ကလေးသူငယ်ဥပဒေ အဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ ရည်ရွယ်ချက်များ၊ အသက်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများအကြောင်း၊ ကလေးသူငယ်ကိုမွေးစားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်ကို ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်း၊ အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ်သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်း စသည့်အချက်များကို power point ဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၂၅ ဦးခန့် တက်ရောက်ကြောင်း သိရသည်။
မုဒုံသူ