ပခုက္ကူ ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောစသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများက ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၊ Theatre (M-306) ခန်းမတွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စု၏အနှစ်သာရကို ပိုမိုသိရှိနားလည်ပြီး အမြတ်တနိုး ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွှတ်မှုများ ပိုမိုရရှိလာစေရန်၊ ပြည်ထောင်စုကြီးထာဝစဉ် တည်တံ့ခိုင်မြဲရေး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲဆောင်ရွက်နိုင်စေရန်”တို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာနများမှ ကျောင်းသား၊ကျောင်းသူ(၁၂)ဦးတို့က “ကျွန်ုပ်အဖြစ်ချင်ဆုံးဆန္ဒ၊ ကျွန်ုပ်သာစီးပွားရေးလုပ်ငန်းရှင်ဖြစ်ခဲ့လျှင်၊ ကျွန်ုပ်သာဦးဆောင်သူဖြစ်ခဲ့လျှင်” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီး ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
အလားတူ တက္ကသိုလ်အဆင့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲကို “ညီညွှတ်ခြင်းသည်အင်အား ပြည်ထောင်စုရင်ခွင်၊ စည်းလုံးခြင်းသည်အင်အား ပြည်ထောင်စု၏နှလုံးသား” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို “ပြည်ထောင်စုနှင့်ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုနှင့် ပြည်ထောင်စုစိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “တွဲလက်ခိုင်ကျည်ပေါင်းစုံညီ တို့ညီနောင်ထု ပြည်ထောင်စု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ရာ ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူများကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)