ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီအသစ်‌ပေါ်၍ ဈေးနှုန်းကျဆင်းနေ

ဆိပ်ဖြူ ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကုန်းကြက်သွန်နီ အပင်စိုက်များအသစ်ပေါလာပြီး ကြက်သွန်နီဈေး ကျဆင်းနေကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများက ဆောင်းသီးနှံ ကြက်သွန်နီကို မိသားစုဝင်ငွေတိုးပွားရေးအတွက် အဓိကစိုက်ပျိုးဆောင်ရွက်ကြပြီး ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်းအဝယ် ပြုလုပ်ဆောင်ရွက်ကြကာ ဆိပ်ဖြူမြို့နယ်မှတဆင့် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည် ဒိုင်နှင့် နယ်စပ်မြို့ ကြီးများသို့တင်ပို့ပြီး ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသည်။ လက်ရှိ ဆိပ်ဖြူ ကြက်သွန်ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်နီကုန်ချိန် ငါးသောင်းဝန်းကျင်ခန့် ဝင်ရောက်လျှက်ရှိပြီး လက်ရှိ အရောင်းအဝယ်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး (၁၂၅၀) ကျပ်နှင့် (၁၁၀၀) ကျပ်ဝန်းကျင်ရှိပြီး အနိမ့်ဆုံးဈေးမှာ တစ်ပိဿာလျှင် (၈၀၀) ကျပ်ဝန်းကျင်သာရှိပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍  ကြက်သွန်နီဈေးကျဆင်းလာသလို ကုန်ကြက်သွန်နီ အပင်စိုက်များလည်း စတင်ပေါ်ထွက်နေပြီဖြစ်ကြောင်း၊ ယခုနှစ် ကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ကြက်သွန်နီထွက်နှုန်းများကောင်းမွန်ခြင်းရှိသလို ရောင်းချမှုမှာလည်း ဈေးနှုန်း‌ကောင်းရရှိခဲ့ကြောင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော ဈေးတန်းဆိုလျှင်လည်း ကြက်သွန်နီထွက်နှုန်းကောင်းမွန်ကြသဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားစရိတ်များ အရှုံးမရှိသေးဘဲ အမြတ်နည်းရုံမျှသာ ရှိကြသေးကြောင်း ကြက်သွန်နီစိုက် တောင်သူများထံမှ သိရသည်။ ကြက်သွန်နီ တင်ပို့ရောင်းချသူများအနေဖြင့် လက်ရှိထွက်ပေါ်နေသော ကြက်သွန်နီအသစ်များကို အစိုချိန်တင်ပို့ရောင်းချမှုများ ဆောင်ရွက်နေကြသလို ကြက်သွန်နီသိုလှောင်တင်ပို့မှုအတွက် ကြက်သွန်နီအပင်စိုက်များ ဒေသအသီးသီးမှ ချောင်းစိုက်ပျိုးမြေ၊ ကုန်းစိုက်ပျိုးမြေများက လှိုင်လှိုင်ပေါ်သည့် မတ်လနှင့် ဧပြီလ အချိန်တို့မှ စတင်၍ သိုလှောင်မှုအတွက်ဝယ်ယူကာ ဒေသအသီးသီးသို့ တင်ပို့ရောင်းချမှု ဆောင်ရွက်ကြကြောင်း၊ ကုန်သည်များက ကြက်သွန်နီဈေးနှုန်းကို ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးအခြေခံ၍ အရောင်းအဝယ်များပြုလုပ်ဆောင်ရွက်ကြပြီး ကြက်သွန်နီဈေးနှုန်းမှာလည်း လက်ရှိဈေးထက် ကျဆင်းနိုင်သေးကြောင်း ကြက်သွန်နီ ဝယ်ယူတင်ပို့ရောင်းချသူများထံမှ သိရသည်။      

ကိုဇွဲ(အညာမြေ)