စကုမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများနှင့် အထင်ကရနေရာများအား ပြန်လည်ဖော်ဆောင် ပြုပြင်ထား

မင်းဘူး ဖေဖော်ဝါရီ ၇

စကုမြို့တွင် ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ လှံယာဉ်ပျံစေတီ၊ ရူပါရုံစေတီစသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများနှင့် အထင်ကရနေရာများအား ပြန်လည်ဖော်ဆောင် ပြုပြင်ထားကြောင်း စကုမြို့ အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားပွဲတော် ရာသီအချိန်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ခရီးသွားပြည်သူများ လေ့လာလည်ပတ်၍ အနားယူ အပန်းဖြေနိုင်ရန် စကုမြို့ရှိ တန်ခိုးကြီး စေတီပုထိုးများနှင့် အခြားအထင်ကရနေရာများအား ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အုတ်တံတိုင်းနှင့် စေတီပျက်များ ပြန်လည်ဖော်ဆောင်ပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထုံးသင်္ကန်း ရွှေသင်္ကန်းများ ကပ်လှူခြင်း စသော အဆင့်မြှင့်တင်၍ ပြန်လည်ဖော်ဆောင် ပြုပြင်ထားကြောင်း သိရသည်။

စကုမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော စေတီတော်ပေါင်း (၁၆၈) ဆူ၊ အရံစေတီ ပေါင်း (၂၂၁) ဆူ၊ ရုပ်ပွားဆင်တုတော် (၁၄၃) ဆူ၊ ခြ‌င်္သေ့ရုပ်ပေါင်း (၁၇၃) ရုပ်၊ နယားရုပ် (၁၈) ရုပ်၊ တံခွန်တိုင် (၁၅) တိုင်၊ မနုသီဟ (၄၃) ရုပ်၊ နတ်ရုပ် (၄) ရုပ်၊ ခေါင်းလောင်း (၁၇) လုံး၊ ခြေတော်ရာ (၁) ဆူ၊ ဓမ္မာရုံ/ဇရပ် (၂၅)လုံးရှိ၍ ထင်ရှားသော စေတီပုထိုးနှင့် ရုပ်စုံကျောင်းများမှာ ထေကြီးစေတီ၊ ဘိုးနန်းသူစေတီနှင့် မှန်ကင်း ရုပ်စုံကျောင်း၊ သုံးထပ် ရုပ်စုံကျောင်းအပြင် ကန်ဦးဘုန်းတော်ကြီးကျောင်းနှင့် အသင်္ခရာအုတ်ကျောင်း (ခ) ပထမတိုက် အုတ်ကျောင်းတို့မှာ ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင် ဖော်ဆောင်လျက်ရှိပြီး ထိုအထင်ကရနေရာများအား ကမ္ဘာလှည့်ခရီးသွားများ မကြာခဏ လာရောက် လည်ပတ်၍ ကြည့်ရှုလေ့ကြသောနေရာများ ဖြစ်ကြသည်။

ဇေယျာထက်(မင်းဘူး)