အထက်မင်းလှ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မာရသွန်ပြိုင်ပွဲ၊ မူလတန်းအဆင့် ကျား/မ မီတာ (၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ထမနဲထိုးပြိုင်ပွဲများ ကျင်းပပြုလုပ် နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်း အနား ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့်အစီအစဉ်များနှင့် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ၊ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)