နန်းယွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နန်းယွန်း၊ ဖေဖေါ်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုမြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၇ ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လေလုံ၊ မိုးလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းချမ်းအောင်မှ ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် အမျိုးသားဘောလီဘော အလွတ်တန်းအသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကိုဖေဖေါ်ဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင်ဆုရရှိသူများအား ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ဆုများအသီးသီးချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးမှူးထံမှသိရသည်။

ဟန်ကမ်း (နန်းယွန်း)