စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက ယခုသင်တန်းတွင် တက်ရောက်ခဲ့သော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ငန်းတာဝန်(၃)ရပ်၊ ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်၊ ဝန်းထမ်းစည်းမျဥ်း၊ စည်းကမ်းများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အစွမ်းကုန်ကြိုးစား လုပ်ကိုင်ကြစေကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဥ်များအပေါ် တည်မှီပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်  နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ  ပေးအပ်သည့် တာဝန်များကို မိမိတို့ကျရာကဏ္ဍမှ တာဝန်သိသိ သစ္စာရှိရှိဖြင့် ဆက်လက်ထမ်းပိုး ထမ်း‌ဆောင်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်းနည်းပြ ဆရာ၊ ဆရာမများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အမှုထမ်းဝန်ထမ်း (၂၈)ဦးအား မိမိတို့ဝန်ကြီးဌာနရဲ့ ရည်မှန်ချက် ရည်ရွယ်ချက်တို့အပြင် ဝန်ထမ်းစည်းမျဥ်းစည်းကမ်းနှင့် ဥပဒေများကို သိရှိစေရန်ရည်ရွက်ချက်များဖြင့် သိသင့်သိထိုက်သည့် ဝန်ထမ်းနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)