စစ်ကိုင်း ဖေဖော်ဝါရီ ၇
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲဖွင့်ပွဲတွင် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက ကျောင်းသား/ ကျောင်းသူများကို အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ရင်းနှီးချစ်ခင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်သလို အားကစားလှုပ်ရှားကစားခြင်းဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်မှာဖြစ်ကြောင်း၊ အားကစားကို ချစ်မြတ်နိုးပြီး နိုင်ငံတော်ကအားထားရတဲ့ အားကစားသမားကောင်းများ ဖြစ်အောင်ကြိုးစားသွားကြပါလို့ ပြောကြားလိုကြောင်း၊ ယခုပြိုင်ပွဲများမှာလည်း ခိုက်ရန်မဖြစ်ပွားရအောင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်များ ရွက်ဆိုကြကာ စစ်ကိုင်းခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို ပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံရယူပေးခဲ့ပြီး ပြိုင်ပွဲဖွင့်ပွဲသို့ စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲဖွင့်ပွဲတွင် သတ္တဗေဒပိုက်ကျော်ခြင်း အမျိုးသားအသင်းနှင့် ရှူပဗေဒအမျိုးသားအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်( ပြန်/ဆက်)