ပေါင်းတည်မြို့နယ်၌ ပန်းဂေါ်ဖီများ အထွက်ကောင်းပြီး စျေးကောင်းရရှိ

ပေါင်းတည် ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်လျက်ရှိပြီး ယခုအချိန် ကာလသည် ပန်းဂေါ်ဖီပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး လုပ်ကိုင်သူ ဒေသခံတောင်သူများအနေဖြင့် သုံးရာသီလုံး ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထုတ်လုပ်နိုင်ကြပြီး နီးစပ်ရာ ကုန်စိမ်းဒိုင်များသို့ ရောင်းချခြင်း၊ မီးရထား၊ ကုန်တင်ကားများဖြင့် စျေးကွက်ရှိရာ ရန်ကုန်သို့တိုက်ရိုက်တင်ပို့ ရောင်းချခြင်းများဖြင့် မိသားစုစားဝတ်နေရေး ပြေလည်ရုံသာမက အလှူအတန်းများပြုလုပ်နိုင်ကြောင်း သိရသည်။

ရန်ကုန်-ပြည် မီးရထားလမ်းဘေးရှိ ကျေးရွာများသည် စိုက်ပျိုးထွက်ကုန်များကို မီးရထားဖြင့် သယ်ယူပို့ဆောင်ခ သက်သာစွာဖြင့် ရန်ကုန်နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချနိုင်သောကြောင့် အမြတ်အစွန်းများရရှိခဲ့ကြကြောင်း သိရသည်။

ယခုအချိန်မှာတော့ ပန်းဂေါ်ဖီတွေ စိုက်ခင်းတိုင်း လှိုင်လှိုင်ထွက်နေလို့ ကိုယ့်မြို့ကိုယ်ရွာမှာတော့ စျေးနည်းနည်းပဲ ရပါတယ်၊ အခုလို တစ်ခြားမြို့ရွာတွေကို တင်ပို့ရောင်းချနိုင်တဲ့အတွက် စျေးကောင်းလည်းရပြီး အမြတ်ငွေလည်း ပိုရပါတယ်ဟု တောင်ဘို့လှကျေးရွာမှ တောင်သူ ဦးပေါက်စက ရှင်းပြသည်။ ယခုအချိန်တွင် ပန်းဂေါ်ဖီ ၄ ပွင့်လျှင် ဒေသပေါက်စျေး ၁၀၀၀ ကျပ်ရှိပြီး အခြားစျေးကွက်များသို့ တင်ပို့နိုင်လျှင် စျေးပိုရကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)