သာပေါင်းမြို့နယ်၊တောင်ကလေးကျေးရွာတွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

သာပေါင်း ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာတွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (တောင်ကလေး) ကစားကွင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်သူရွာသားများ ပူးပေါင်းဦးဆောင်၍ ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအား အကဲဖြတ်ဒိုင်အဖွဲ့က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များ၊ ပြိုင်ပွဲဝင်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွှတ်မှုကို အခြေခံ၍ ပါဝင်ယှဉ်ပြိုင်ရန်စသည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် အသင်း (၃) တို့က တပျော်တပါးစည်းလုံးညီညွတ် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ စတင်ယှဉ်ပြိုင် ထမနဲထိုးကြသည်။
ထို့နောက် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရတောင်ကလေးကျေးရွာ ရွာမအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ(၂၅၀၀၀)ကျပ်၊ ဒုတိယဆုရ ရှမ္မမြောင်ကျေးရွာအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ(၂သောင်း)ကျပ်၊ တတိယဆုရ အခြေခံပညာမူလတန်းကျောင်း ဆရာများ အသင်းအား ဂုဏ်ပြုချီးမြှင့် ငွေ(၁၅၀၀၀)ကျပ်တို့ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နုယဉ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရထမနဲ အသင်းများ၏ ထမနဲများကို ဘုန်းတော်ကြီးကျောင်းများနှင့်ဘု ရားစေတီပုထိုးများသို့ ဆက်ကပ် လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

မျိုးဇော်သိန်း                     

သာပေါင်း (ပြန်/ဆက်)