ဖောင်းပြင် ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများနေဖြင့် ခရမ်းချဉ်သီးများ ဆွတ်ခူးရောင်းချရချိန် တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ဈေးနှုန်းဖြင့် ဖောက်သည်ဈေး ရောင်းချရပြီး လက်လီရောင်းချသူများက မြို့မစည်ပင်သာယာဈေး၌ ၃၀၀၀ ကျပ်ဈေးမှ ၃၅၀၀ကျပ်ဈေးနှုန်းဖြင့် ပြန်လည်ကာရောင်းချရကြောင်း သိရသည်။
“နှစ်စဉ်နှစ်တိုင်းကတော့ မုံရွာ၊ မန္တလေးဘက်က မှာယူပြီးရောင်းချတာအပြင် ဒီဒေသကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကိုလည်း တစ်ဆင့်ဝယ်ယူပြီး လက်လီဈေးနဲ့ ပြန်လည်ရောင်းချရပါတယ်။ ဒီနှစ်မှာတော့ သယ်ယူစရိတ်များတာရယ်၊ လမ်းခရီးမှာ အချိန်ကြာတာရယ်ကြောင့် ဒီဒေသထွက် ခရမ်းချဉ်သီးကိုပဲ အဓိကထားပြီး ရောင်းချနေကြပါတယ်။ ပြီးတော့ ဒီဒေသမှာက ခရမ်းချဉ်စိုက်တဲ့သူများသော်လည်း အခြားဒေသတွေကို တင်ပို့ရောင်းချမှုတွေ ရှိနေတာကြောင့် စားသုံးသူများတာအပြင် စိုက်ပျိုးစရိတ်ကလည်း ပြီးခဲ့တဲ့နှစ်တွေထက် မြင့်လာတာကြောင့် ခရမ်းချဉ်သီးဈေးနှုန်းက ဈေးကောင်းကောင်း ရတယ်လို့ဆိုရမှာပါ” ဟု ခရမ်းချဉ်သီးကို ကိုယ်တိုင်စိုက်ပျိုးကာ ရောင်းချသူ ဈေးသည်တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေတွင် ခရမ်းချဉ်သီးကို မြို့နယ်အတွင်းစားသုံးသူများပြား၍ ရောင်းအားကောင်းသည့်အပြင် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချရကာ ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိပြီး တစ်ဆင့်ဝယ်ယူကာ လက်လီရောင်းချသူများလည်း အဆင်ပြေလျက်ရှိသည်။
ခရမ်းချဉ်သီးကို ဖောင်းပြင်မြို့နယ်၌ နောင်ရင်းကျေးရွာ၊ ယားပင်းကျေးရွာ၊ နန်းရင်းဆိပ်ကျေးရွာနှင့် ပိုးစာကုန်းကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)