တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ  ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ် အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ မိမိနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များအကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ခင်းကျင်းပြသထားသည့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ကိုယ်စားလှယ်(၂၃)ဦး၏ မှတ်တမ်းဓာတ်ပုံများနှင့် ကိုယ်ရေးအကျဉ်းများ၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)