ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များရောဂါဘယများကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူစွမ်းအားအရင်းအမြစ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် သတ်မှတ်နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံရာတွင် မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆိုတ်ရောင် (PCV)၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မွေးကင်းစအသက်နှစ်လမှ တစ်နှစ်(၆)လအထိ၊ သတ်မှတ်ရက်ပြည့်သည့်ကလေးငယ်များအား အလှည့်ကျပုံမှန်(၅)ကြိမ်အထိ၊ ကျန်းမာရေးသူနာပြုဝန်ထမ်းများက စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်