သံတွဲ ဖေဖော်ဝါရီ ၆
သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က နန်းချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စင်တော်ကောက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား မျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်၊ အဖွဲ့ဝင်(၂)ဒေါက်တာစိုးမြင့်၊ မြို့မိမြို့ဖဦးထွန်းသန့်ကျော်နှင့် စွန်ရဲသောက်ရေသန့်စက်ရုံ မန်နေဂျင်းဒါရိုက်တာ ဦးမောင်ဖြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြိုင်ပွဲများကို ပွဲစဉ်များအလိုက် ယှဉ်ပြိုင်ကစားကြရာ ယနေ့ညနေတွင် ပွဲစဉ်(၅)ပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၂၄)သင်းဝင်ရောက်ယှဉ်မည်ဖြစ်ပြီး ပြိုင်ပွဲအား ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ညနေ ၅ နာရီမှ ည ၉ နာရီ ၃၀ မိနစ်အချိန်အထိ နန်ချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၅ သိန်း၊ တတိယဆု ၃ သိန်းကျပ်နှင့် အကောင်းဆုံးကစားသမားဆု ၄ ဆုအား တစ်ဆုလျှင် ၁ သိန်းကျပ်အဖြစ် ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
အဆိုပါအားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ အားကစားကိုချစ်မြတ်နိုးစွာဖြင့် အားကစားသမားအချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)