ပခုက္ကူ ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အမှတ်(၆၂)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောစားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်မင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများအကြောင်းတို့ကိုလည်းကောင်း၊ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူများ ရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။
ယင်းနောက် တက်ရောက်လာသည့် အမှတ်(၆၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူရေးရာဆိုင်ရာဟောပြောမှုများအပေါ် နားလည်နိုင်မှုစွမ်းရည်အခြေအနေများမေးမြန်းပြီး ဆုချီးမြှင့်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)