ချောင်းဆုံ ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့နံနက်က ချောင်းဆုံမြို့နယ်ရှိ အမက(ဘုရားကြီးကုန်း) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(ဒုတိယဦးစီးမှူး)ဒေါ်ဝင်းဝင်းချောက ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးနှင့် ကလေးသူငယ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုစေကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့ပြီးစာရေးကိရိယာများကိုလက်ဆောင်အဖြင့် ပြန်လည်ပေးအပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာစောင်များနှင့်ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်ဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းစသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)