ကျိုက်မရော၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး

ကျိုက်မရော  ဇန်နဝါရီ  ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၍ ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းများမှ  အသက် ၅ နှစ် မှ ၁၂ နှစ်အထိ  ကျောင်းသား၊ ကျောင်းသူ (၅၂၄)ဦးတို့အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ  အ.ထ.က ကျိုက်မရောကျောင်းရှိ ပညာအားမာန်ခန်းမ၌ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းစသည်တို့ကို စနစ်တကျဆောင်ရွက်ပေးနေမှုများအား  မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးကျော်စိုးဦးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းတွင် အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အမှတ်၂၀၈ တပ်ရင်းမူလတန်းကျောင်းမှ အသက် ၅ နှစ်ပြည့်ပြီး တတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသူများ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၂၄)ဦးတို့အား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)