အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၁၃

မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးပညာရပ်များကို လေ့ကျင့် သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ်ဝါယာ သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၃၃) ၏ ရည်မှန်းချက် ၃ ရပ်အနက် တစ်ရပ်မှာ “အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန်နှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်” ဟူ၍ ပါဝင်ကြောင်း မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (MERP)အရ Covid-19 ကပ်ရောဂါကာလတွင် နေထိုင်မှု ပုံစံအသစ်ဖြင့် Online ပိုမိုသုံးစွဲလာပြီး Online Shopping များ ပိုမိုတွင်ကျယ်လာသည့်အတွက် အသေးစား/ အငယ်စား/ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုကဏ္ဍတွင် Digital စနစ်အသုံးပြု၍ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်ရမည်ဟု သုံးသပ်ထားသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဝင် များအနေဖြင့် ခေတ်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တတိယအကြိမ် ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲသို့ တက်ရောက်သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သား များ ဖြစ်စေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတက်ရောက်သူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်၍ သင်တန်းသူ/သားများနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စည်သူ ခရိုင်(ပြန်/ဆက်)