သထုံ ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးထွန်းအောင်ဖြူက ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ အဆိုပါဥပဒေ၏ရည်ရွယ်ချက်(၈)ချက်၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးနှင့် ရည်မှန်းချက်တာဝန်(၄)ရပ်၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်(၁၁)ချက်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြားဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်စသည်တို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေမှု အခြေအနေများ၊ စားသုံးသူပြည်သူများအနေဖြင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေးနှင့် နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် Call Center နံပါတ်များစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်