ကျိုက်ထို ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို မြို့နယ်အဆင့်အဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက ယခုသင်တန်း သည် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများအနေဖြင့် ရှေးဦးပြုစုခြင်း သင်တန်းအား သိထား၊ တတ်ကျွမ်းထားရမည့် သင်တန်းဖြစ်ကြောင်း ရှေးဦးပြုစုခြင်း ဆိုသည်မှာ မိမိပတ်ဝန်းကျင်တွင် လတ်တလောဖြစ် ပေါ်နေသည့် မတော်တဆ ကျန်းမာရေးနှင့် ပတ်သက်၍ လူသားချင်းကူညီစောင့်ရှောက်ပြုစု၍အသက်အန္တရာယ်ကို ကယ်ဆယ်ပေးခြင်း ဖြစ်ကြောင်း ယခုသင်တန်းတွင် ရည်ရွယ်ချက် (၃) ချက် ပါဝင်ကြောင်း ယင်းရည်ရွယ်ချက်မှာ အရေးပေါ်လူနာအားပြုစုခြင်း၊ ရောဂါပိုးဆိုးမဝင်ရောက်စေရန်နှင့် အလျင်အမြန် ကောင်းမွန်စေ ရန် လူသားအချင်းချင်း ကူညီပေးပြီး အသက်ဘေး မထိခိုက်စေရန်နှင့် ခံစားနေရသည့် ဝေဒနာသက်သာစေရန် အထောက်အကူပြုသင်တန်းဖြစ်၍ သင်တန်းတက်ရောက်လာသူများ အနေဖြင့် သင်ကြားခဲ့ရသည့် ဘာသာရပ်များအား မိမိကျောင်းရှိ ဆရာ၊ ဆရာမများအား ဆင့်ပွားပို့ချ သင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ထွန်းမှ ယခုလိုကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများနှင့် မိမိပတ်ဝန်းကျင်တွင် မတော်တဆဖြစ်ပေါ်လာသည့် ထိခိုက်ဒဏ်ရာ ရရှိမှုအား အရေးပေါ်ကယ်ဆယ်နိုင်သည့် ဆရာဆရာမများဖြစ်စေရန် ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းအားပျက်ရက်မရှိ စိတ်ပါဝင်စားစွာ သင်ကြားကြရန် မှာကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မူလတန်းအဆင့် သင်ကြားပြသနေသည့် ဆရာ၊ ဆရာမ (၁၂၆) ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဆရာများက နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)