မော်လမြိုင် ဇန်နဝါရီ ၁၃
မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ ၊ ထူးချွန်ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်တို့က ပြည်နယ်ပညာရေး စုံညီပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်း၏ ပင်ကိုဗီဇပါရမီကို အခြေခံပြီး စိတ်ပါဝင်စားမှုနှင့် ဝါသနာပါမှုစသည့် လူသားစွမ်းရည်ကို မြှင့်တင် ဖော်ထုတ်ပေးရမည့်အပြင် ဤစွမ်းရည်ကို အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးမြှင့်တင်မှု အစီအစဉ်များကို အကောင်အထည်ဖော်၍ အရည်အသွေးကောင်းသော မျိုးဆက်သစ် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မှာသာ ဆရာ/ ဆရာမများ အနေဖြင့် မိမိတို့ရဲ့ အရည်အသွေး ထက်မြက်တောက်ပြောင်လာပြီး အခြေခံပညာရေးကို နိုင်ငံသားတိုင်းတတ်မြောက်ရန် သတ်မှတ်ထားသော အခြေခံပညာကို သင်ယူတတ်မြောက်စေရန် နည်းပညာနှင့်သက်မွေးပညာရေးကိုဖြစ်စေ အဆင့်မြင့်ပညာကိုဖြစ်စေ ဆက်လက်သင်ယူနိုင်စေရန် သင်ကြားလေ့ကျင့်စေသည့် ပညာရေးကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာတွင်လည်း ဖွံ့ဖြိုးတိုးတက်ရန် မိဘများ ဆရာ၊ ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးသော အခြေခံပညာကျောင်းများတွင် ငယ်စဉ်ကတည်းက အသင်းအဖွဲ့လှုပ်ရှားတတ်မှုနှင့် ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အားကစားကို စိတ်ဝင်စားအောင် လေ့ကျင့်ရန် လိုအပ်သလို အနုပညာနဲ့ ပတ်သက်သော ပန်းချီ၊ ဂီတ စသည့် ရသ ပညာရေးကိုလဲ လေ့ကျင့်ပေးရန် မွန်ပြည်နယ်၏ ပညာရေးကဏ္ဍကို အဖက်ဖက်မှ တိုးတက်မြင့်မားလာအောင် ကူညီထောက်ပံ့၍ လူတိုင်းလူတိုင်း အခြေခံပညာ KG + 9 အထိ တတ်ကျွမ်းပြီးမြောက်ပြီး လူရည်ချွန် လူရည်မွန်များ အသိပညာရှင် အတတ်ပညာရှင်များ နိုင်ငံ အကျိုးပြုခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ကြိုးပမ်းကြရာတွင် “အမျိုးသားရေးဆန္ဒ အမျိုးသားရေးအသိ အမျိုးသားရေးအမြင် အမျိုးသားရေးတာဝန် ” အဖြစ် အလေးအနက် အခိုင်အမာခံ” ယူကြပြီး တက်ရောက်လာကြသော ပညာရေးဝန်ထမ်း များအနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လဝီရိယကြီးစွာဖြင့် မနားမနေ ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထိုနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ထူချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီးဒေါ်စန်းစန်းလွင် တို့ကမွန်ပြည်နယ်ပညာရေးဌာနသို့ အလှူငွေကျပ်(၁၀)သိန်းအားလည်ကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီးဒေါ်မီမီဆွေလှိုင်တို့က ပြည်နယ်ပညာရေး စုံညီပွဲတော်သို့ အလှူငွေကျပ်(၁၀)သိန်းအားလည်ကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပညာရေး စုံညီပွဲတော်သို့ ဂုဏ်ပြုဆုငွေကျပ်(၃)သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျောင်းသားကျောင်း သူလေးများ၏ အက၊ အလှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ဆက်လက် ကြည့်ရှုကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော ပညာရေးစုံညီပွဲတော် ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ ဆက်)