သံဖြူဇရပ် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှု လျော့ပါးရေးအတွက်မြို့နယ်အဆင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၁)ရက် နံနက် ၉နာရီ ခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်လာနိုင်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အတွက် ရာသီဥတုဖောက်ပြန်ပြီး သဘာဝဘေးအန္တရယ် ဖြစ်ပေါ်လာပါက ထိရောက်စွာပြန်လည်တုံ့ပြန်နိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသော သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးခဲ့သောစာတွေ့၊ လက်တွေ့များကို သေချာလေ့လာပြီး မိမိရပ်ရွာအကျိုး ပြန်လည်အသုံးချနိုင်ရေးအဖွင့်အမှာစကား ပြောကြားပြီး၊ ဆက်လက်၍ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မွန်ပြည်နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းအား ဆက်လက်ပို့ချရာသင်တန်းနည်းပြများဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေဝင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးစီးအရာရှိ ဦးသူရ၊ မြို့နယ် မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာဝေါဟာရများနှင့်သဘောတရားများ၊ ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတို့၏ သက်ရောက်မှုများ၊ မီးဘေးအန္တာရယ်များ၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာအန္တရာယ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင်ကျန်းမာရေး စောင့်ရှောက်မှုအခန်းကဏ္ဍ၊ ကြိုတင်ကာကွယ်ရေးနှင့်ဘေးအန္တရာယ် လျော့ပါးသက်သာစေရေးနည်းလမ်းများ၊ ဘေးအန္တရာယ်တုံ့ပြန်မှု၊ ကြိုတင်သတိပေးချက်စနစ် စသည့် ခေါင်းစဉ်များဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ယခုသင်တန်းတွင်မြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များမှ သင်တန်းသူ/ သင်တန်းသား (၃၀)ဦး အား ဇန်နဝါရီ (၁၁) ရက်နေ့မှ(၁၃) ရက်နေ့ထိ(၃)ရက်တာ ကာလနေ့စဥ် နံနက် ၉နာရီခွဲ မှ ညနေ ၃နာရီခွဲအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
အေးအေးသီ(ပြန်/ ဆက်)