ဘီးလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေ (မွေးမြူရေးကဏ္ဍ) ကျပ်သိန်း ၅၀၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဘီးလင်း ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေ(မွေးမြူရေးကဏ္ဍ) မြို့နယ်​ကော်မတီထံမှ ကျေးရွာကော်မတီသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင် တည်ထောက်ပံ့ရန်ပုံငွေ (မွေးမြူရေးကဏ္ဍ) မြို့နယ်​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး​ ကျိုက်ထိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဖြိုးဝင်းကိုက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေ(မွေးမြူရေးကဏ္ဍ) မြို့နယ်​ကော်မတီဥက္ကဋ္ဌက ဒညင်းကုန်းကျေးရွာမှ နွားမွေးမြူရေး လုပ်ကိုင်သူအိမ်ထောင်စု ၅၀ စုအတွက် တစ်အိမ်ထောင်လျှင် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၅၀၀ ကို ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထူးနောင် (ပြန်ဆက်)