ကျိုက်ထိုမြို့မူလွန် (ဘူတာ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဘူတာ) ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် ကကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက် ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များမှပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ကျင်းပပေးပြီးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)