မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူရေးအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထုံနှံပေးနေမှု အခြေအနေအား ကြည့်ရှုအားပေး

မော်လမြိုင် ဇန်နဝါရီ ၁၁

မွန်ပြည်နယ်အတွင်း အခြေခံလူဦးရေစာရင်းများ မှန်ကန်မှုရှိစေ​ရေးအတွက် မြို့နယ်အသီးသီးအလိုက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များဖြင့် စာရင်း​ကောက်ယူခြင်းများ​ကို ကောက်ယူ​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ရိုးဂိုး​ကျေးရွာ၌ မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ​ကောက်ယူ​ရေးအဖွဲ့များ၏ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအားကြည့်ရှု စစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိ​စေ​ရေး အထူးအလးထား​ဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ​ရေးလုပ်ငန်းစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာ​စေရန်နှင့် သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီး​နိုင်​ရေး တစိုက်မတ်မတ်ဆောင်ရွက်ကြရန်  လမ်းညွှန်မှာကြားခဲ့သည်။

ထို့​နောက် ​ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊​ ဈေးကြိုရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ်အ​နေဖြင့် ​မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် အိမ်ထောင်စုပေါင်း (၅၂၅၆၉၅) စုရှိရာ ဇန်နဝါရီလ ၉ ရက်​နေ့မှ စတင်၍ မြေပြင်တစ်အိမ် တက်ဆင်းစာရင်း​ကောက်ယူ​ရေးအဖွဲ့ (၁၀၉၃) ဖွဲ့ဖြင့် စာရင်း​ကောက်ယူခဲ့ပြီး ယ​နေ့အထိ အိမ်​ထောင်စု(၁၇၀၀၀) ကျော် ​ကောက်ယူပြီးစီးခဲ့​ကြောင်း သိရှိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားရေးအတွက် မြို့နယ်များအလိုက် အ​ခြေခံပညာ​ကျောင်းများရှိ ကျောင်းသူ၊ ​ကျောင်းသားများကို ဦးစားပေး သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေး ထပ်​ဆောင်း (Booster Dose) များ ထိုးနှံ​ပေးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ဖား​အောက်​ကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်း (ခွဲ)၌ ​ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၅) လ ပြည့်ပြီး​သော အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ​ကျောင်းသူ၊ ကျောင်းသားလေးများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်​ဆေး ထပ်​ဆောင်းထုံနှံ​ပေး​နေမှု အ​ခြေအ​နေအား ကြည့်ရှုအား​ပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​မော်လမြိုင်မြို့နယ်၊ စမ်းကြီး​ကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်း (ခွဲ) ၌ ​ကျန်းမာ​ရေးဝန်ထမ်းများမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်​ဆေး ထပ်​ဆောင်းထုံနှံ​ပေး​နေမှုတို့အား ကြည့်ရှုအား​ပေးခဲ့ကြသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်းရှိ အ​ခြေခံပညာ​ကျောင်း၊ ဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်​ကျောင်း၊ မွန်စာ​ပေသင်​ကျောင်းနှင့် ​ကျောင်းပြင်ပ ပညာ​ရေးသင်ကျောင်း စုစု​ပေါင်း (၁၅၅၀) ​ကျောင်းမှ ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၅) လ ပြည့်ပြီး​သော အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ​ကျောင်းသူ၊ ​ကျောင်းသား (၂၄၂၀၇၂) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေး ထပ်​ဆောင်း (Booster Dose) ထိုးနှံ​ပေးခြင်းကို ကာကွယ်​ဆေးထိုးအဖွဲ့ (၈၂) ဖွဲ့ဖြင့် ​ကျောင်းအ​ခြေပြု ထိုးနှံ​ပေးလျက်ရှိ​ကြောင်းနှင့် ဇန်နဝါရီလ ၉ ရက်​နေ့မှ စတင်ထိုးနှံ၍ တစ်လအတွင်း ပြီးစီး​အောင် ထိုးနှံ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ ဆက်)