ပဲခူး ဒီဇင်ဘာ ၂၈
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မိခင်များနှင့် ပြိုင်ပွဲဝင်ကလေးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့၊ မူလတန်းကြိုကျောင်းပြင်ဆင်ရန်အတွက် အလှူငွေကျပ် (၄၅၈၉၀၀၀)သိန်း နှင့် လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအတွက် လှူဒါန်းငွေ(၂၆)သိန်းတို့အား ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်က ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာထံ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်ဥက္ကဋ္ဌ တို့မှ မွေးကင်းစမှ(၆)လအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်ပြီး အကဲဖြတ်ဆရာဝန်များနှင့် သူနာပြုများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြိုင်ပွဲကလေးများအား လှည့်လည်ကြည့်ရှု၍ လက်ဆောင်ပစ္စည်းများနှင့် နေ့လယ်စာတို့အားပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ကလေးပြိုင်ပွဲတွင် ပဲခူးမြို့ပေါ်ရပ်ကွက်ပေါင်း(၃၁)ရပ်ကွက်မှ မွေးကင်းစမှ(၆)လအထိ ပြိုင်ပွဲဝင်(၁၉)ဦး၊ (၆)လမှ (၁)နှစ်အထိပြိုင်ပွဲဝင်(၁၃)ဦး၊ (၁)နှစ်မှ (၁)နှစ်(၆)လအထိ ပြိုင်ပွဲ(၂၈)ဦး၊ စုစုပေါင်း(၆၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်