ပွင့်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းသည် လွန်စွာအရေးကြီးကြောင်း၊ မှန်မှန်ကန်ကန် စနစ်တကျစာရင်းကောက်ယူနိုင်ရေး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်လာသူများအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးညွန့်ဝင်းထူးက လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာကောက်ယူပြီးစီးရေးအတွက် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန်သောစာရင်းရရှိရေး မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၀၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ (၂)ရက်ကြာဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး