လက်ပံတန်း ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးသင်တန်းကို ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က မြို့နယ်အဆင့် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက်၊ သင်တန်းဆိုင်ရာများ၊ ဖွဲစည်းပုံ၊ တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လက်ပံတန်းမြို့နယ် ကျေးရွာအုပ်စု ၅၃ အုပ်စုကောက်ကွက် ၁၀၂ ကွက်မှ ရပ်ကွက်/ ကျေးရွာ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ဝင် သင်တန်းသား ၂၇၅ ဦးအား မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်း၊ မသန်စွမ်းငါးမျိုးစာရင်းကောက်ယူခြင်းအပါအဝင် အိမ်ထောင်စုများအား လက်တွေ့ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို သင်တန်းနည်းပြများက သင်ကြားပို့ချပေးပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ နှစ်ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းထွန်း