ရေနံချောင်း ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူပေါင်းကာ လူငယ်လူရွယ်များ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အခမဲ့ အခြေခံရုံးသုံး ကွန်ပျူတာသင်တန်း (၃/၂၀၂၂) သင်တန်းကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ယနေ့ခေတ် လူငယ်လူရွယ်များအနေနဲ့ ကွန်ပျူတာ ပညာရပ်သည် လူတိုင်းတတ်ထားသင့်သည့် ပညာရပ်ဖြစ်သလို စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့လိုကြောင်း၊ ယနေ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း ကွန်ပျူတာကို မဖြစ်မနေ အသုံးပြုလာနေကြသည့်အတွက် လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အထောက်အကူဖြစ်စေရန် ယခုလိုသင်တန်းများကို စီစဉ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများက သင်တန်းစည်းကမ်းချက်များ၊ သင်တန်းအချိန်များနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ သင်တန်းကာလ တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် Microsoft Word၊ Excel၊ Power Point၊ Pagemaker စသည့် ရုံးလုပ်ငန်းသုံးအခြေခံကွန်ပျူတာအသုံးပြုနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)