ချောင်းသာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာအားကစားလ သဲသောင်ပြင်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက Azura Hotel ရှေ့ ကမ်းခြေသဲသောင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူဦး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီးဝေဖြိုးအောင်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဒေသခံနှင့်ခရီးပြည်သူများနှင့်အတူ ဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရပ်ကွက်(၂)အသင်း၊ ဒုတိယဆုရရှိသည့် ရပ်ကွက်(၁)အသင်းနှင့် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်ကံကြီးအသင်းတို့အား တာဝန်ရှိသူများ ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရပ်ကွက်(၁-ခ)အသင်းအား ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူဦးက ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သဲသောင်ပြင်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ ဟိုတယ်ဇုန်များပါဝင်သောအဖွဲ့များဖြင့် ဘောလုံးပြိုင်ပွဲတွင်(၁၀)သင်း၊ ဘော်လီဘောပြိုင်ပွဲတွင်(၆)သင်းတို့ဖြင့် ယှဉ်ပြိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး “ချောင်းသာကမ်းခြေဒေသကို အားကစားနှင့်ခရီးသွားစျေးကွက်မြှင့်တင်ခြင်း၊ အားကစားလှုပ်ရှားမှုကြောင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု၊ ခန္ဓာကိုယ်စနစ်တကျလှုပ်ရှားနိုင်မှု၊ အားအင်ပြည့်ဖြိုးပြီး ကျန်းမာကြံ့ခိုင်မှုစသည့် ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှုများအပြင် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူဦးထံက သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)