ခန္တီး ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က လာမည့် ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အဓိကကျသည့် အခြေခံမဲဆန္ဒရှင်စာရင်း မှတ်ကန်စွာရရှိစေရန် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးအတွက် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။
အဆိုပါသင်တန်းကို ခန္တီးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေးက ၂၀-၁၂-၂၀၂၂ ရက်နေ့မှ ၂၁-၁၂-၂၀၂၂ ရက်နေ့အထိ (၂) ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ နန်းယွန်း မြို့နယ်နှင့် ထန်ပါခွေမြို့ တို့မှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သင်တန်းသား (၁၀) ဦး တက်ရောက် မည်ဖြစ်သည်။
အဆိုပါ အိမ်ထောင်စုလူ ဦးရေးစာရင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးကောက် ယူခြင်းကို တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့မှ(၃၁)ရက်နေ့အထိ တနင်္ဂနွေ (၃) ရက်မပါ ရက်(၂၀)ကြာ ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)