မကွေး ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ အမှတ် (၆၀/၂၀၂၂)ဖြင့် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီဖြစ်ပါကြောင်း၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ် အခွင့် အရေး(၄)ရပ်အား ကလေးသူငယ်တိုင်းရရှိစေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသာမက အစိုးရအမဟုတ်သောအဖွဲ့အစည်းများနှင့် မိဘပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက မိမိတို့ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော မကွေးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)