မြောင်းမြ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့်ရွေးကောက်ကျင်းပရာမှာ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ မှန်ကန်သည့်စာရင်းရရှိရန် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပြီးမှ ရရှိလာမည့်စာရင်းကို အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပ ကော်မရှင်၊ လဝက၊ နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ လှုမှုရေးအသင်းအဖွဲ့များ စုဖွဲ့ပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ထပ်မံဖွင့်လှစ်မှာဖြစ်သည့် အတွက် မြေပြင်ကွင်းဆင်းသည့်အခါ အခက်အခဲမရှိစေရေးအတွက် ယခုသင်တန်းမှာ သင်တန်းသူ/သားအားလုံး သင်ခန်းစာတွေကို စိတ်ပါဝင်စားစွာသင်ယူပြီး မိမိတို့ကိုယ်တိုင် နားလည်၍ ပြန်လည်ရှင်းလင်းပို့ချနိုင်ရေး အထူးဂရုစိုက်စေလိုကြောင်း၊ နိုင်ငံတော်၏ အရေးကြီးသည့် လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင်မြင်စေရန် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ (Working Group) အတွင်းရေးမှူး ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်က မြေပြင်လူဦးရေစာရင်း ကောက်ယူရေးနှင့် ပက်သက်၍ ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီ၏ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် တစ်အိမ်တက်/ ဆင်းကောက် ယူနိုင်ရေးအတွက် လုပ်ငန်းတာဝန်များ အကြောင်းအရာများ၊ အထွေထွေရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းရလဒ် မှန်ကန်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဆင့်များနှင့် လုပ်ငန်းရည်ရွယ်ချက် အကြောင်းအရာများ ရှင်းလင်းခြင်း၊ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူခြင်း၊ စာရင်းပြုစုခြင်းတင်ပြခြင်း၊ စာရင်းထုတ်ပြန်ခြင်း၊ ကွင်းဆင်းစာရင်း ကောက်ယူရာတွင် တွေ့ကြုံရမည့် အခြေအနေများ၊ လဝကအနေဖြင့် ကြိုတင်စီမံဆောင်ရွက် ထားမှုများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်စီမံထားသင့် ကိစ္စရပ်များစသည့် အကြောင်းများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး တက်ရောက် လာသူများကလည်း သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ် ပို့ချပေးသွားမည် ဖြစ်သည်။ သင်တန်းသား/သူများမှာ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များရှိ (Working Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကော်မတီဝင်အဖွဲ့များ၊ ကြက်ခြေနီအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ပြီး ယခုတက်ရောက်ထားသော နည်းပြများနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ /၂၈ ရက်နေ့များတွင် သက်ဆိုင်ရာမြို့နယ်များအလိုက် ဆင့်ပွားသင်တန်းအဖြစ် ပြန်လည် ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြ ခရိုင်(ပြန်/ဆက်)