လက်ပံတန်းမြို့နယ်တွင်လူငယ်များဘက်စုံတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လက်ပံတန်း  ဒီဇင်ဘာ  ၂၀   

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် လူငယ်များဗလငါးတန် ပြည့်ဝစေရန်၊ အသိပညာ ပိုမိုတိုးတက်လာစေရန်၊ ဗဟုသုတများ မျှဝေတတ်စေရန်၊ အချင်းချင်း အသိပညာများဖလှယ် နိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို   ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။   

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI)ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။

လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)မှ လက်ထောက်ကထိက ဒေါ်စန္ဒာလင်းတို့က ဦးဆောင်ဆွေးနွေးဆောင်ရွက်ခဲ့ရာ၊ စက်မှုအင်ဂျင်နီယာဌာနမှ ဒုတိယနှစ်ကျောင်းသား မောင်အောင်ဘုန်းခန့်က လူငယ်နှင့်စာပေ၊ မြို့ပြအင်ဂျင်နီယာဌာနမှ ဒုတိယနှစ်ကျောင်းသား  မောင်မင်းဗလခန့်ကျော်က လူငယ်နှင့်ကျင့်ဝတ်၊ လျှပ်စစ် စွမ်းအားအင်ဂျင်နီယာဌာနမှ ပထမနှစ်ကျောင်းသူ မသင်းချယ်ရီမောင်က လူငယ်နှင့်အချိန်နှင့် လျှပ်စစ်ဆက်သွယ်ရေး အင်ဂျင်နီယာဌာနမှ တတိယနှစ်ကျောင်းသူ မခိုင်သဉ္ဇာထက်က လူငယ်နှင့်အနာဂတ် စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စကားဝိုင်းဖြစ်မြောက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကား ပြောကြား၍ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)