သာယာဝတီ ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်က မြေပြင်လူဦးရေစာရင်းတွင် ဥပဒေနှင့်အညီနေထိုင်သူများ (လဝက(ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း ရှိသူများ) အနက်မှတ်ပုံတင်ပြည့်စုံသူများတွင်(နိုင်)နံပါတ် ၂ ကြိမ်ထပ်ခြင်း၊ ၃ ကြိမ်ထပ်ခြင်း၊ ၄ ကြိမ်ထပ်ခြင်းနှင့် ၂ ကြိမ်နှင့်အထက်ထပ်နေသူများ၏ အချက်အလက်များကို သာယာဝတီမြို့နယ် အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၆၉)အုပ်စုအတွင်းစိစစ်ခြင်း၊သာယာဝတီမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး(၂၈)မြို့နယ်အတွင်း စိစစ်ခြင်း (Cross Check) ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၅ ရက်က စတင်စိစစ်လျက်ရှိကြောင်း၊ သာယာဝတီမြို့နယ်၏ မြေပြင်လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ "Software)"ဖြင့် (နိုင်)နံပါတ် ၂ ကြိမ်နှင့်အထက် ထပ်နေသူများစာရင်းကို စိစစ်ခဲ့ရာ မြို့နယ်တူ ထပ် ၁၁၇၈၀ ဦးနှင့်မြို့နယ်မတူ ထပ် ၁၉၃၃ ဦး စုစုပေါင်း ၁၃၇၂၃ ဦး၏ (နိုင်)နံပါတ်များကို "လဝက e-ID Software ဖြင့် တိုက်ဆိုင် စိစစ် အတည်ပြုခြင်း လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ဌာန ၃ ခုပေါင်းစပ်ညှိနှိုင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲ (တွဲဖက်) တာဝန်ခံ ဦးမျိုးမင်းထက်က မိမိတို့ဌာနအပါအဝင် ဌာန ၃ ခုတို့၏ ဆက်စပ်ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြေပြင်လူဦးရေကွင်းဆင်းခြင်းသင်တန်းကို ညနေ ၄ နာရီထိ ခရိုင်လဝကဦးစီးမှူးဦး ဝင်းမြတ်ထွဋ် နှင့်အဖွဲ့ဝင်များက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်၍ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ (၄၅) ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝတီ (ပြန်/ဆက်)