ပေါက်ခေါင်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် တောင်သူများ၏ လယ်ယာစိုက်ပျိုးမြေများတွင် ဆောင်းနေကြာသီးနှံ ၈၃၀ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ နေကြာသီးနှံဧက ၈၃၂ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းနေကြာသီးနှံကို သီးသန့်စိုက်ခင်းများ၊ သီးညှပ်စိုက်ခင်းများဖြင့် လည်း စိုက်ပျိုးထားရှိကြသည်။ ဆောင်းနေကြာကို အိုင်ဇောက်ကျေးရွာ၊ ကြို့ပင်ဝိုင်းကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာအုပ်စု၊ ဂွေးပင်ခုန်ကျေးရွာအုပ်စုတို့တွင် နိုဝင်ဘာလအတွင်းက စိုက်ပျိုးပြီးစီးခဲ့ပြီး ယခုဒီဇင်ဘာလ ဒုတိယပတ်အတွင်းက သပြေတောင်ကျေးရွာနှင့် သစ်ရောင်းပြန်ကျေးရွာအုပ်စုနှင့် အခြား ကျေးရွာအုပ်စုတို့တွင် ဆက်လက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နေကြာသီးနှံစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် နေကြာမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းတာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေး လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)