တောင်ငူ ဒီဇင်ဘာ ၂၀
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင်က ယခုဖွင့်လှစ်သည့် တိုင်းဒေသကြီး အဆင့်နည်းပြသင်တန်းတွင် ထိထိရောက်ရောက် ပြန်လည်ပို့ချနိုင်သည်အထိ တတ်ကျွမ်းနားလည်မှသာ လက်တွေ့မြေပြင် ကွင်းဆင်းကောက်ယူမည့် အဖွဲ့များအနေဖြင့် လက်တွေ့နယ်ပယ်၌ တိကျမှန်ကန်သောလူဦးရေစာရင်းများ ကောက်ယူမှတ်သားနိုင်မည် ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် မသန်စွမ်း ငါးမျိုး၏ အချက်အလက်များကိုလည်း သတ်မှတ်ပုံစံဖြင့်ကောက်ယူနိုင်ရေး သက်ဆိုင်ရာဌာနမှ လာရောက်ရှင်းလင်းပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စနစ်တကျ လိုက်နာမှတ်သားကြရန်နှင့် မရှင်းလင်းသည့် အချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်လိုကြောင်း၊ သို့မှသာမိမိတို့ ပိုင်ပိုင်နိုင်နိုင် နားလည် တတ်ကျွမ်းသည့် အကြောင်းအရာများကို ဆင့်ပွားသင်တန်းများ၌ ထိထိရောက်ရောက် ပြန်လည်ရှင်းလင်းသင်ကြားပို့ချနိုင်မည် ဖြစ်ပြီးလက်တွေ့ ဆောင်ရွက်မှုများတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ တောင်ငူခရိုင်ရှိ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ရေတာရှည်နှင့် ထန်းတပင်မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၅၉) ဦး တက်ရောက်ပြီး ယခုဖွင့်လှစ်သည့် တိုင်းဒေသကြီး အဆင့် နည်းပြသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ လည်းကောင်းမြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာ မြို့နယ်များ၌ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်းကောင်း ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။
ထို့ပြင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)များက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ၂၀ ရက် အတွင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်