တောင်တွင်းကြီးမြို့နယ်၌ စိုက်ပျိုးထားသော မတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

တောင်တွင်းကြီး ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ မိုးစပါးများရိတ်သိမ်းခါနီး အောင်ရေလွှတ်ချိန်တွင် စပါးခင်းများအတွင်း ကြဲပက်စိုက်ပျိုးထားသော မတ်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရသည်။

မတ်ပဲများစိုက်ပျိုးရာတွင် မိုးစပါးစိုက်ခင်းများရင့်မှည့်ပြီး ရိတ်သိမ်းကာနီး အောင်ရေလွှတ်ချိန်တွင် မိုးစပါးစိုက်ခင်းများအတွင်း ကြဲပက်စနစ်ဖြင့်လည်းကောင်း၊ မိုးစပါးများရိတ်သိမ်းပြီး လယ်ကွက်အလွတ်များအတွင်း ထွန်ယက်ကာ ကြဲပတ်ခြင်းဖြင့်လည်းကောင်း စိုက်ပျိုးကြကြောင်း၊  မတ်ပဲများအပွင့်မပွင့်မီနှင့် အပွင့်ပွင့်ချိန်၊ သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အားဆေးများပက်ဖြန်းရကြောင်း ယခုနှစ်တွင်တောင်သူများက မျိုးကောင်းမျိုးသန့် မတ်ပဲများကိုအဓိကစိုက်ပျိုးကြကြောင်း၊ ယခုနှစ်မိုးစပါးများရိတ်သိမ်းကာနီးတွင် တောင်သူအများစုမှာ မတ်ပဲကိုအဓိကထားစိုက်ပျိုးကြကြောင်း၊ မတ်ပဲမျိုးတစ်တင်းလျှင်(၇၂၀၀၀) ကျပ် နှုန်းပေးဝယ်ယူရကြောင်း သဖန်းကုန်းကျေးရွာမှ မတ်ပဲစိုက်ပျိုးသူ ဦးစိုးမြင့်ထံမှ သိရသည်။

မတ်ပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင်(၁၂)ပြည်ခန့်စိုက်ပျိုးရပြီး မတ်ပဲစိုက်ခင်း တစ်ဧကလျှင်(၁၆)တင်းနှုန်းအထိ ထွက်ရှိကြောင်း၊ မတ်ပဲသီးနှံသည် စတင်စိုက်ပျိုးချိန်မှ(၄)လ အကြာတွင် ရိတ်သိမ်းရကြောင်း၊ မတ်ပဲများအထွက်နှုန်းကောင်းရန်နှင့် ဈေးကောင်းရရှိရေး တောင်သူအများစု မျှော်လင့်လျက်ရှိကြောင်း မတ်ပဲစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)