ပဲခူးတိုင်းဒေသကြီး  (Working Group)  မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး  (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၉) နာရီ ခွဲက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်စဉ (၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ပါတီကို  ဒီမိုကရေစီစံနှုန်းများနဲ့အညီ  နိုင်ငံတော်တာဝန် လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့ အတွက် အထွေထွေရွေးကောက်ပွဲကျင်းပရာမှာ ပြည်သူလူထုမှ မှန်မှန်ကန်ကန် ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်သည် အဓိက ကျတဲ့ လုပ်ငန်းစဉ်ဖြစ်လို့ မြေပြင်မှာ မှန်မှန်ကန်ကန်စနစ်တကျ ကောက်ယူနိုင်ရန် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားဖို့ လိုအပ်တဲ့အတွက် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ (၂) ရက်ကြာ ပို့ချပေးခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးအနေနဲ့ ခရိုင်ဦးစီးမှူးရုံးများက လဝကအရာရှိ (၄) ဦး စေလွှတ် တက်ရောက်စေခဲ့ပြီး ယခု တိုင်းဒေသကြီးအဆင့်သင်တန်းမှာ နည်းပြများအဖြစ် ပြန်လည် ပို့ချရမှာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအနေနဲ့ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ခရိုင်(၆)ခရိုင်မှာ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအဆင့် သင်တန်းသား စုစုပေါင်း (၃၄၄)ဦးသည် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွေမှာ နည်းပြတွေအဖြစ် မြို့နယ်အသီးသီးမှာ ပြန်လည်ပို့ချရမှာဖြစ်လို့ သင်တန်းကပို့ချမှုများကို စနစ်တကျခံယူစေလို ပါတယ်။ ယခုတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို တက်ရောက်လာသူများဟာ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူကြမယ့် (Working Group) များကို မြေပြင်တွင် လုပ်ငန်းများလက်တွေ့ ဆောင်ရွက်နိုင်ဖို့အဆင့်ဆင့် သင်တန်းပို့ချပေးသွားရမယ့် အဓိကတာဝန် ရှိသူများ ဖြစ်တာကြောင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးထားလိုက်တဲ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာနဲ့သင်ယူပြီး  နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီး ပြီးမြောက် အောင်မြင်စေရန် ပံ့ပိုးကူညီသွားကြပါလို့  တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းက သင်တန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့များ၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)