မကွေး ဒီဇင်ဘာ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတက္ကသိုလ်၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စီးပွားရေးဥပဒေဒီပလိုမာ Diploma in Business Law(DBL)နှင့် ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်ဒီပလိုမာ Diploma in Geographic Information Systems(GIS) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးတက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ သဘာဝအရင်းအမြစ်များအပေါ် အခြေခံသောစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ မြစ်ချောင်းများ၏ လုပ်ဆောင်ချက်များ၊ ရေဝေရေလဲဒေသများကို ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ လူသားတို့၏လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသောသဘာဝနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို လျှော့ချသက်သာစေမည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်နှင့် ဆက်စပ်မှုရှိနေသည့် ဌာနများအနေဖြင့် ယခုဒီပလိုမာအချိန်ပိုင်းသင်တန်းကိုတက်ရောက်လျှင် ဌာနလုပ်ငန်းများလုပ်ဆောင်ရာမှာ များစွာအကျိုးဖြစ်ထွန်းမှာဖြစ်ကြောင်း၊ ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ် သီအိုရီနှင့်အယူအဆ၊ အဝေးမှစူးစမ်းလေ့လာခြင်း နည်းပညာများနှင့်သက်ဆိုင်သော စာရင်းအင်းပညာအဆင့်မြင့်မြေပုံ ရေးဆွဲနည်းပညာများကို တတ်ကျွမ်းသဘောပေါက်လာရန် သင်တန်းမှသင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ စီးပွားရေးဥပဒေပညာဒီပလိုမာတက်ရောက်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၏ အကျိုးစီးပွားကို ဥပဒေပညာဖြင့် အထောက်အကူပြုနိုင်ခြင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စျေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရာမှာ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ခြင်း၊ လူတိုင်းဥပဒေပညာကို ကျယ်ပြန့်စွာသိနားလည် သဘောပေါက်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း၊ ဒါကြောင့်ဒီနေ့သင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထူးချွန်စွာတတ်မြောက်အောင်လေ့လာဆည်းပူးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာခင်မောင်ဦးက သင်တန်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ် ဒီပလိုမာအချိန်ပိုင်းသင်တန်းတွင် ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ် သီအိုရီနှင့်အယူအဆ၊ အဝေးမှစူးစမ်းလေ့လာခြင်း နည်းပညာအခြေခံများ၊ အဆင့်မြင့်မြေပုံရေးဆွဲနည်းပညာ၊ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ်နှင့် အဝေးမှစူးစမ်းလေ့လာခြင်းနည်းပညာနှင့် သက်ဆိုင်သောစာရင်းအင်းပညာ၊ ကွန်ပျူတာအသုံးပြုမှုစသည့် သင်ရိုးညွှန်းများဖြင့်(၉)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ အမှတ်စဉ်(၁/၂၀၂၂)သင်တန်းသို့ သက်ဆိုင်ရာဌာန အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ