ကျောက်ကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကျောက်ကြီး စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် တတိယအကြိမ် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလအတွင်း အခြေခံ စားသောက်ကုန် (၅)မျိုး ထောက်ပံ့​ပေးခဲ့သည့် အိမ်ထောင်စုများ၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုဝင်များအား ဇူလိုင်လတွင် (၁၅၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ခြင်း သြဂုတ်လ(၅)ရက်နေ့က တစ်အိမ်ထောင်လျှင် (၂၀၀၀၀) ကျပ် ပထမအကြိမ် ထောက်ပံ့ပေးခဲ့သော အိမ်ထောင်စုဝင်များကို သြဂုတ်လ(၂၇)ရက်နေ့တွင် ဒုတိယအကြိမ် တစ်အိမ်ထောင်စုကို (၂၀၀၀၀) ကျပ် ထပ်မံ၍ ထောက်ပံ့ငွေ ပေးအပ်ပြီး ယခုအခါ တတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်ကို အခြေခံလူတန်းစားများ စားသောက်ရေး အခက်အခဲ မဖြစ်ပေါ်စေရန် ထောက်ပံ့ငွေပေးရခြင်း ဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ရပ်မိရပ်ဖများ တာဝန်ရှိသူများက တက်ရောက်ကြပြီး ထောက်ပံ့ငွေများအား မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၄၁)အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုဝင် (၉၆၆၆) အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ များကို ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

K ခိုင် (ပြန်/ဆက်)