လွိုင်ကော် ဒီဇင်ဘာ ၈
ကယားပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ဆပ်ကော်မတီ (၈)ရပ်ဖြင့် ဖွဲ့စည်းထားပြီး ကလေးအလုပ်သမား ပပျောက်ရေးစီမံချက်ကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီသည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် ကာလတို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အခြေခံဇာထိုးပန်းထိုးသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ကာလတိုသက်မွေးပညာ သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး လုပ်ငန်းဆပ်ကော်မတီဝင်များက သင်တန်သား၊ သင်တန်းသူများ စာတွေ့၊ လက်တွေ့သင်ကြားနေမှုများနှင့် လူသုံးကုန်ထုတ်လုပ် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုအားပေး ခဲ့ကြသည်။
သင်တန်းတွင် ဆပ်ပြာခဲ၊ ဆပ်ပြာဆီအမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး စသည်တို့ကို သင်တန်းသား၊ သင်တန်းသူ (၂၆)ဦးတို့အား စာတွေ့၊ လက်တွေ့ဖြင့် (၅)ရက်ကြာ အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းများပြီးစီးသွားပါက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် သတ်မှတ်အရည်အသွေး ပြည့်မီခြင်းရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်ကြောင်းနှင့် သမဝါယမ ဦးစီးဌာနနှင့် ချိတ်ဆက်၍ မြို့နယ်သမဝါယမ အသင်းစုများဖွဲ့ပြီး လုပ်ငန်းရင်းနှီးငွေများ ချေးယူကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
ကိုဇင်(လွိုင်ကော်)